များသောအားဖြင့် ကျွန်တော်ဒီလို Topic ကိုရေးလေ့ရေးထ မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ တချို့အရာတွေက ရေးလိုက်မှ Popular ဖြစ်သွားပြီး ပိုဆိုးသွားတတ်လို့ပါ။ ဒါပေမဲ့ တိုက်တိုက်ဆိုင်ဆိုင် ဒီအပတ်အတွင်းမှာ ကျွန်တော့်ကိုဒီမေးခွန်းမေးတာ ၃ ယောက်လောက်ရှိလာပါတယ်။ မိဘ ၂ ယောက်နဲ့။ ကလေးတစ်ယောက် ကိုယ်တိုင်မေးလာပါတယ်။ မေးခွန်းကတော့ . . .
“ကလေးတစ်ယောက်မှာ စိတ်ကျရောဂါ ရှိနိုင် ဖြစ်နိုင်ပါလား။” ဆိုတာပါ။
အလွယ်ဆုံးနဲ့ အရှင်းဆုံးပြောရရင် ကလေးတစ်ယောက်မှာ စိတ်ကျရောဂါ ရှိနိုင်ပါတယ်။
ဒါနဲ့ပတ်သက်လို့လည်း သုတေသနတွေ အများကြီးရှိပါတယ်။ များသောအားဖြင့်တော့ လူကြီးတွေကထင်ကြတယ်၊ ကလေးဆိုတာ ဘာစိတ်ဓါတ်ကျစရာ ရှိလို့လဲ။ သူတို့လုပ်စရာ သူတို့လုပ်နေရင် ရတာပဲ။ ဒါကခဏလေးဖြစ်တာမျိုး ပြောကြ၊ ထင်တတ်ကြပါတယ်။
ဒါဟာမှားနေတဲ့ အယူအဆပါ။ ကလေးတစ်ယောက်ကလည်း လူတစ်ယောက်ပါပဲ။ သူ့မှာလည်း သူ့အခက်အခဲနဲ့သူရှိပါတယ်။ သူ့မှာလည်း သူ့ခံစားချက်တွေနဲ့သူ ရှိပါတယ်။ စိတ်ညစ်စရာ။ ဝမ်းနည်းစရာ။ စိတ်ရှုပ်စရာတွေရှိတာပါပဲ။ ဒါပေမဲ့ လူကြီးတော်တော်များများကတော့ ဒါတွေဟာ အပိုတွေပါ။ မဟုတ်ပါဘူးလို့ ထင်တတ်ကြတယ်။
ဒါကြောင့်ဒီ Article လေးကိုရေးလိုက်ရခြင်းဖြစ်ပါတယ်။ စိတ်ကျရောဂါဆိုတာ သာမန်ဝမ်းနည်းတာနဲ့ မတူပါဘူး။ လူတိုင်းတခါတလေ ကိုယ်လုပ်တာအဆင်မပြေရင် ဖြစ်ချင်တာမဖြစ်ရင် ဝမ်းနည်းတာမဆန်းပါဘူး။ စိတ်ကျတယ်ဆိုတာကတော့ ဒီဝမ်းနည်းမှုဟာ အချိန်အကြာကြီးဖြစ်နေတတ်ပြီး ပုံမှန်လုပ်နေကြ သွားလာနေနိုင်ပုံတွေအားလုံးကို အကျိုးသက်ရောက်မှုတွေ ဖြစ်လာတာပါ။
ကလေးတွေမှာ သတိထားရမယ့်အချက်တွေကတော့
(၁) အစားအသောက်ပျက်လာတယ်။
(၂) ဒေါသကြီးလာတယ်။
(၃) ပေါင်းသင်းဆက်ဆံရေး အားနည်းလာတယ်။ တစ်ယောက်တည်းပိုနေလာတယ်။
(၄) အလိုလို ဝမ်းနည်းတယ်။
(၅) အိပ်ရေးပျက်လာတယ်။
(၆) အာရုံစူးစိုက်မှုကျလာတယ်။
(၇) အားနည်းပြီးနွမ်းလာတယ်။
(၈) ဘာမှအဓိပ္ပါယ်မရှိဘူးလို့ခံစားလာတယ်။
(၉) မိမိကိုယ်မိမိ နာကျင်အောင် လုပ်လာတယ်။
(၁၀) ကိုယ်တန်ဖိုးထားတဲ့အရာတွေကို ဖျက်ဆီးပြစ်တယ်။
ကလေး ၁၀၀ မှာ ၃ ယောက်လောက်အထိ Depression ဖြစ်နိုင်ပါတယ်လို့လည်း တချို့ Survey များကတင်ပြထားတာတွေရှိပါတယ်။
ဘယ်လိုကလေးတွေက Depression ဖြစ်ဖို့ အခြေအနေများလဲ?
လူကြီးတွေမှာ ဖြစ်တာနဲ့တူပါတယ်။ ဥပမာများကတော့
(၁) မိသားစုထဲမှာ စိတ်ကျရောဂါ ရှိဖူးရင်
(၂) အိမ်တွင်းအကြမ်းဖက်မှုများကြုံတွေ့ရရင်
(၃) ဆိုးရွားသောအတွေ့အကြုံ ကြုံတွေ့ရရင်
(၄) ကျန်းမာရေးဖောက်ပြန်မှုဖြစ်ပြီး BioChemical ဓါတ်များ ညီညွတ်မှုမရှိရင်။
အရေးကြီးဆုံး အချက်တွေကတော့ . . .
အပေါ်မှာပြောခဲ့သော လက္ခဏာများကို မိမိသားသမီးမှာ ၂ ပတ်ဆက်တိုက်ဖြစ်နေပြီဆိုရင် စတင်သတိထားရပါမယ်။ ဘာကြောင့်လဲဆိုရင် Depression ဆိုတာ Long Term ဖြစ်သောကြောင့်ပါ။
ပြီးတော့ဒါဟာ ဆေးဝါးဖြင့် ကုသလို့ရပါတယ်။ ကိုယ်ခန္ဓာမှာ ရောဂါဖြစ်နိုင်သလို၊ စိတ်မှာလည်း ရောဂါဖြစ်နိုင်တယ်ဆိုတာကို လက်ခံရပါမယ်။ မိမိကိုယ်တိုင် ဒါမျိုးတွေကြုံတွေ့နေရရင်လည်း ကုသမှုနှင့် အကူအညီမြန်မြန်ရယူပါ။
နောက်ဆုံးအနေနှင့် မိဘများကို သတိပေးချင်တာကတော့ ကလေးတွေမှာလည်း စိတ်ကျရောဂါ ရှိနိုင်တယ် ဖြစ်နိုင်တယ်ဆိုတာပါ။
ကျေးဇူးတင်ပါတယ်။
ပြန်လည်မျှဝေခြင်းဖြင့် ကူညီပါ။
Ref : https://www.webmd.com/depression/guide/depression-children#1