Motivation က လူတွေရဲ့အောင်မြင်မှုကို ထိပ်ဆုံးကနေတားဆီးတဲ့အရာများ ဖြစ်နေမလား။

အခုခေတ်မှာ Motivation ဆိုတာကြီးကို လူတွေအရမ်းစိတ်ဝင်စားလာကြတယ်။ Motivation Speaker တွေ စာအုပ်တွေလည်းအများကြီး ပေါ်လာကြတယ်။ ကျွန်တော်ကိုယ်တိုင်လည်း Motivation Speaker လုပ်ခဲ့ဖူးပါတယ်။

Motivation ဆိုတာကတော့ လူတွေကိုစိတ်ဓါတ်တက်ကြွလာအောင် လှုံ့ဆော်ပေးတာပါပဲ။ Motivation ကို လုံးဝအသုံးမဝင်ဘူးလို့ မဆိုလိုပါဘူး။ ကျွန်တော်ကိုယ်တိုင်ထဲထဲဝင်ဝင် Motivation နဲ့ ပတ်သက်ပြီး ဟောပြောပွဲတွေ သင်တန်းတွေ အများကြီးလုပ်ခဲ့ပါတယ်။ Motivation ရဲ့လျှို့ဝှက်ချက်ကတော့ Motivation ဆိုတာ အချိန်တို (သို့) တစ်ခါပဲလုပ်ရတဲ့အလုပ်မျိုးအတွက်သာ ကောင်းတာပါ။ ရေရှည်လုပ်ရတဲ့ လုပ်ငန်းစဉ်မျိုးအတွက် သိပ်အသုံးမဝင်ပါဘူး။ ဥပမာ – သင်တန်းအပ်တာ။ ဒီလိုလုပ်ရပ်မျိုးမှာ Motivation က အသုံးဝင်ပါတယ်။ ဒါပေမယ့် နေ့စဉ်လေ့ကျင့်ခန်းလုပ်ဖို့ဆိုရင် Motivation ကသိပ်ပြီးအသုံးမဝင်ပါဘူး။ ဘာကြောင့်လည်းဆိုတော့ Motivation ဆိုတာ စိတ်ခံစားချက်ပေါ်မှာ မူတည်ပါတယ်။ စိတ်ခံစားချက်က အမြဲပြောင်းလဲနေတယ်။ အဲတော့ Motivation ကိုအမြဲ ကောင်းနေဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။

Motivation နှင့် Motivational Speakers/Trainers တွေအပေါ် ကျွန်တော်သတိထားမိတဲ့ အရာလေးတွေကို ပြောပြချင်ပါတယ်။ 

လွတ်လပ်စွာသဘောထားကွဲလွဲလို့ ရပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

(၁) Motivational Speakers တွေဟာ စကားပြောကောင်းသူတွေပါ။ ၁၀ ယောက်မှာ ၉ ယောက်လောက်က ဘာမှသေသေချာချာလုပ်ဖူးတာမဟုတ်ပါဘူး။ ဘာမှမလုပ်ဖူးတာကို အပြစ်ပြောတာမဟုတ်ပါဘူး။ ဒါပေမယ့် စကားပြောကောင်းတာတွေနောက်ကို လူတွေပါသွားတာကဆိုးတာပါ။ 

ဘယ် Motivational Speaker မှ မင်းတို့ငါ့စကားကို နားမထောင်နဲ့တော့။ ငါ့သင်တန်းကိုမတက်နဲ့တော့။ လုပ်စရာရှိတာသွားလုပ်ရင်ရပြီဆိုတာမျိုးမရှိပါဘူး။ Tony Robbins တောင်မှ သူ့သင်တန်းတွေကို UpSell လို့ခေါ်တဲ့နည်းနဲ့ တစ်မျိုးပြီးတစ်မျိုး လာတက်အောင် ပြောဆိုနေကြတာပါ။ သင်တန်းတစ်ခုပြီး တစ်ခုတက်အောင်ပြောဆိုနေတာပါ။

အဲ့တော့အများစုက ဘာဖြစ်သွားလည်းဆိုရင် ဆေးဆွဲသလိုမျိုးဖြစ်သွားတယ်။ သင်တန်းတွေတက်လိုက် Feel Good ဖြစ်လိုက်။ နောက်သင်တန်းတွေတက်လိုက် Feel Good ဖြစ်လိုက်နဲ့ပဲ မုန့်လုံးကိုစက္ကူကပ်ဖြစ်နေတော့တာပါပဲ။

ဒီလိုမှလည်း Motivational Speaker တွေ သင်တန်းတွေက ပိုက်ဆံရမှာကိုး။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

(၂) Motivation ဆိုတာ ခွန်အားဖြည့်အချိုရည်လိုပါပဲ။ သောက်သောက်ခြင်း အားတွေရှိလာတယ်။ ဟိုဟာလုပ်မယ်၊ ဒီဟာလုပ်မယ် ဆိုတဲ့စိတ်တွေ ပေါ်လာတယ်။ ဒါပေမယ့် အဲ့တာတွေက ခဏလေးပဲခံပါတယ်။ အရှိန်ပြန်ကျတဲ့အချိန်မှာ အရင်ကထက်တောင် ပိုအားနည်းသွားစေတယ်။ ကိုယ့်ကိုယ်ကိုယ်ပိုတောင် အပြစ်မြင်လာမိတယ်။ ငါသိရဲ့သားနဲ့ မလုပ်ဖူးဆိုတဲ့အသိက ကိုယ့်ကိုယ်ကိုယ်ပြန်လည် အပြစ်တင်မိပါတယ်။

ကျွန်တော်တို့လိုတာက ကာကွယ်ဆေးလိုမျိုးပါ။ တစ်ခါထိုးပြီးတာနဲ့ တစ်သက်လုံးခံတဲ့ ဆေးမျိုးပါ။ စိတ်အားထက်သန်လာဖို့ထက် ထိရောက်တဲ့ နည်းလမ်းတွေသိဖို့နှင့် လက်တွေ့လုပ်လာနိုင်အောင်လုပ်ဖို့က အရေးကြီးပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

(၃) အရေးကြီးဆုံး အချက်ကတော့ အောင်မြင်နေတဲ့သူတွေ ကမ္ဘာ့အချမ်းသာဆုံးလူတွေအကြောင်းကိုလေ့လာကြည့်ပါ။ ဘယ်သူမှ Motivation Talk တွေနားထောင်လိုက်လို့ အောင်မြင်သွားတယ်ဆိုတာ မရှိပါဘူး။ 

သူတို့တွေကိုလေ့လာကြည့်တဲ့အခါမှာ သူတို့က Motivation ထက် ပြဿနာကိုလိုက်ရှာကြတယ်။ ပြဿနာဖြေရှင်းနည်းကိုလိုက်ရှာတယ်။ Solution တွေကိုရှာတာ။ Motivation တွေကိုရှာတာမဟုတ်ပါဘူး။

ကိုယ့်ကိုယ်ကိုယ်ပြန်မေးပါ။ ကိုယ်ဘာကိုလိုက်ရှာနေလဲဆိုတာ။

Online ပေါ်မှာနေ၊ Blogger တွေ၊ Motivational Speakers တွေရဲ့ Videos တွေကြည့်ပြီးအချိန်ကုန်နေတယ်ဆိုရင်တော့ သေချာပါတယ် မိတ်ဆွေလည်း အောင်မြင်စရာလမ်းမရှိပါဘူး။ ကိုယ့်ပတ်ဝန်းကျင်ကို စိတ်ဝင်စားပါ။ ကိုယ့်တာဝန်ကို အပြည့်အဝယူပါ။

Motivational Videos တွေလိုက်ကြည့်ရတာကိုက အလုပ်ကြီးတစ်ခုဖြစ်လာပြီး တစ်ကယ်လုပ်ရမယ့် အလုပ်တွေကို မလုပ်ဖြစ်တော့ဘူး။ ဆေးသမားတစ်ယောက်ဖြစ်မှန်းမသိ တစ်ဖြည်းဖြည်းဖြစ်လာတယ်။

နောက်သေချာတာတစ်ခုရှိပါသေးတယ်။ တစ်ခုခုစတင်လုပ်ဖို့ Motivation အရင်လိုတယ်ဆိုရင် လုပ်မနေပါနဲ့။ လုပ်လည်းအောင်မြင်မှာ မဟုတ်ပါဘူး။ 

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

လူတွေမအောင်မြင်တာ Motivation မရှိလို့မဟုတ်ပါဘူး။ လိုချင်စိတ်မရှိလို့မဟုတ်ပါဘူး။ ကောင်းတာဆိုလူတိုင်းလိုချင်ပါတယ်။ Motivation ကိုသွားပြီး အာရုံစိုက်လိုက်တဲ့အခါ တကယ်အရေးကြီးတဲ့ အရာတွေကို သတိမထားမိတော့ဘူး။ ပြီးတော့ကိုယ့်ကိုယ်ကိုယ် ဆင်ခြေပေးဖို့လမ်းကြောင်းထွင်ထားသလိုလည်း ဖြစ်စေပါတယ်။ ဥပမာ – “လုပ်ရမှာသိတယ်။ ဒါပေမယ့် Motivation မရှိသေးလို့” ဆိုတဲ့စကားမျိုးခဏ ခဏ ကြားဖူးမှာပါ။

အောင်မြင်ဖို့အရေးကြီးဆုံး ၃ ခုကတော့ (သုတေသနများအရ)

(၁) ဇွဲ (စပြီးရင် ပြီးအောင်လုပ်တတ်သောစိတ်ဓါတ်)

(၂) မှားတာကို လက်ခံပြီး ပြုပြင်သောအကျင့်

(၃) မိမိကိုယ်ကိုယ်ထိန်းချုပ်နိုင်စွမ်း (လုပ်သင့်တာကို လုပ်သင့်တဲ့အချိန်မှာ ကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေ လုပ်နိုင်ခြင်း)

နောက်ဆုံးအကြံပေးချင်တာကတော့ Motivation Videos များကို Entertainment (အပျော်သဘောဖြင့်) နားထောင်ကြည့်ရှုပါ။ ဇာတ်လမ်းတွဲ Drama တွေကြည့်တာထက်စာရင်တော့ Motivation Videos တွေကြည့်တာကအများကြီးကောင်းပါတယ်။

Motivation နောက်မလိုက်ပါနဲ့။ ပြဿနာနောက်ကိုလိုက်ပါ။ Solution တွေနောက်ကိုလိုက်ပါ။ ကောင်းမွန်တဲ့ စနစ်တွေနောက်ကိုလိုက်ပါ။

အားလုံးစစ်မှန်တဲ့ အမြင်ရှိပြီး အများအကျိုးပြုရင်း ကိုယ်ပိုင်အောင်မြင်မှုများကို ရရှိနိုင်ပါစေ။

Unleashing Greatness In You

Leave a Comment

%d bloggers like this: