ကျော်ကျော်က ၁၀ တန်းမှာ ၆ ဘာသာဂုဏ်ထူးရတယ်။ အောင်အောင်က အောင်မှတ်လေးပဲရတယ်။ ဘယ်ကျောင်းသားက ပိုတော်လဲ?
ကျော်ကျော်လို့ ပြောကြမှာပါ။
ဒါပေမဲ့ ကျော်ကျော်က ချမ်းသာတဲ့ မိသားစုကလာတယ်။ အရမ်းကောင်းတဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းမှာ တက်တယ်။ မိဘက ဘာသာစုံ Guide တွေထားပေးတယ်။ အိမ်အလုပ်ဘာမှလုပ်စရာမလိုဘူး။ ဒါ့ထက်ပိုတာက လိုရင်လိုသလို အားဆေးတွေတိုက်၊ ကြက်ပေါင်းတွေနှင့် ငှက်သိုက်တောင်ပါသေးတယ်။ စာကျက်ဖို့ AirCon ကလည်း အခန်းထဲမှာ တတ်ပေးထားသေးတယ်။
အောင်မှတ်ပဲရတဲ့ အောင်အောင်ကတော့ တောရွာလေးက ကျောင်းသားလေး။ သူ ၁၀ တန်းရောက်တဲ့နှစ်မှ အထက်တန်းကျောင်းဆိုတာ သူတို့ရွာမှာ ရှိလာတာ။ သူ့ကိုသင်ပေးတဲ့ ဆရာမကလည်း ဘာသာစုံသင်ရတယ်။ ဆရာမကိုယ်တိုင်လည်း အတွေ့အကြုံမရှိသေး။ အောင်အောင်ကသူ့အိမ်မှာ အကြီးဆုံးဆိုတော့ သူ့အဖေကို လယ်ထဲမှာလည်းကူရသေးတယ်။ ကျောင်းပြီးတာနဲ့ လယ်ထဲသွား။ ညလောက်မှအိမ်ပြန်ရောက်။ အိမ်ရောက်မှ မီးအိမ်လေး မလင်းတလင်းနဲ့ စာဖတ်ရ။ အားဆေးမပြောနဲ့ ထမင်းတောင် နပ်မှန်အောင်မနည်းကြိုးစားပြီး စားနေတဲ့ သူ။ မိဘကလည်း ကျောင်းတက်တာကို အားမပေးတဲ့အပြင်၊ အချိန်ဖြုန်းတယ်လို့ထင်နေတယ်။
ဒီလိုအနေအထားဆိုရင်ကော ကျော်ကျော်က အောင်အောင်ထက်ပိုတော်တယ်လို့ ပြောလို့ရပါသေးလား။
အောင်အောင့်ကိုသာ ကျော်ကျော့်လို တူညီတဲ့ပံ့ပိုးမှုတွေ ပေးလိုက်မယ်ဆိုရင် အောင်အောင်ဟာ ကျော်ကျော့်ထက်တောင် ပိုတော်ချင်တော်နေမှာ။ အဲ့လိုပဲ ကျော််ကျော်သာ အောင်အောင့်နေရာမှာဆိုရင်ကော သူစာမေးပွဲတောင် အောင်ပါ့မလား။
တကယ်တော့ ဘယ်ကျောင်းသားကပိုတော်တယ်ဆိုတာ သေချာပေါက်ပြောလို့မရပါဘူး။
ဒါပေမဲ့ ပတ်ဝန်းကျင်မှာတော့ အခြေအနေမတူတဲ့သူတွေကို နိူင်းယှဉ်ပြီး ဟိုလူကပိုတော်တယ် ဒီလူကပိုတော်တယ်ဆိုပြီး ခေါင်းစဉ်တွေတတ်ကြပါတယ်။ တစ်ခုပဲပြောလို့ရတာက ကျော်ကျော်က အောင်အောင့်ထက် ဒီစာမေးပွဲမှာ အမှတ်များတယ်ဆိုတာပါပဲ။ ပိုတော်လို့ဆိုတာတော့ ပြောဖို့ခက်ပါတယ်။
ဒီဆောင်းပါးလေးက အမှတ်ကောင်း၊ ဂုဏ်ထူးထွက်တဲ့ ကျောင်းသားတွေကို နှိမ်တဲ့သဘောနှင့် ရေးထားတာမဟုတ်ပါဘူး။ ကျွန်တော်တို့ တိုင်းတာနေတဲ့ ပေတံတွေကို သတိထားမိစေချင်လို့ပါ။ ပေတံအမှားတွေနဲ့တိုင်းပြီး ခေါင်းစဉ်တတ်တာမှားသွားရင် လူငယ်တစ်ယောက်ရဲ့ ဘဝတွေလည်းအညွှန့်ကြိုးသွားနိုင်ပါတယ်။
ဒါကြောင့် မိဘများ၊ ဆရာ/ဆရာမများကို ဒီစာလေးကနေ ရိုသေစွာသတိပေးချင်တာကတော့ ကလေးတိုင်းမှာ သူ့အရည်အချင်းနဲ့သူရှိပါတယ်။ တကယ်လို့ စာမှာမတော်နေရင်တောင် ကျန်တဲ့နေရာတွေမှာ ထူးချွန်နေတာဖြစ်တတ်ပါတယ်။ အရေးကြီးဆုံးအချက်ကတော့ လူငယ်တိုင်း ကလေးတိုင်းရဲ့ အားသာချက်ကိုမြင်အောင်ကြည့်ပေးပါ။ ပြီးရင် အဲ့ဒီအားသာချက်တွေကို သူ့ရဲ့ခွန်အားတွေဖြစ်လာအောင် အားပေးပါ၊ ပံ့ပိုးပေးပါ။
လူငယ်အားလုံး စာမှာထူးချွန်နေစရာ မလိုပါဘူး။ မဖြစ်လည်း မဖြစ်နိုင်ပါဘူး။ တချို့တွေက စာမှာထူးချွန်မယ်။ တချို့တွေက အနုပညာမှာထူးချွန်မယ်။ အခုခေတ်က တစ်ခုခုမှာ ထူးချွန်ဖို့ပဲလိုတာပါ။ စာမှာထူးချွန်မှ အောင်မြင်တဲ့လူတစ်ယောက်ဖြစ်လာမှာ မဟုတ်ပါဘူး။
နောက်ဆောင်ပါးတွေမှာ ဒီအကြောင်းလေးကို အသေးစိတ်ဆက်ရေးသွားပါအုံးမယ်။ ဘယ်လိုအရည်အချင်းတွေက ထူးချွန်တဲ့လူတစ်ယောက်ဖြစ်ဖို့ လိုအပ်လဲဆိုတာကို။
ဒီဆောင်းပါးလေးမှာတော့ ဘယ်သူပိုတော်လဲ ဆိုတာကို ဆုံးဖြတ်ချက်မမှားစေဖို့ ရှု့ထောင့်အသစ်လေးတစ်ခု ဖေါ်ပြပေးလိုက်ပါတယ်။
ကျေးဇူးတင်ပါတယ်။