အခုခေတ်ကို Knowledge ခေတ်လို့ခေါ်ပါတယ်။ Information ခေတ်ကပြီးသွားပါပြီ။ Information Age မှာ Information ကရှားပါးပြီး လူအနည်းငယ်ကသာ လိုအပ်တဲ့ Information ကို ရနိုင်ခဲ့ပါတယ်။ အခု Information အားလုံးလိုလိုကို အလွယ်တကူ Internet ထဲကနေ ရှာဖွေနိုင်ပါပြီ။ အခမဲ့လည်း တော်တော်များများရနေပါပြီ။
ဒါပေမဲ့ အခုချိန်ထိ Information ကို ရောင်းရင်း အသက်မွေးဝမ်းကြောင်းပြုနိုင်သူတွေ အများကြီးရှိပါသေးတယ်။ ဥပမာ ကျောင်းတွေ၊ Trainer တွေ၊ Consultant တွေ၊ Online ကစာသင်နေသူတွေ။ ကျွန်တော်တို့အပါအဝင်ပါ။
နိုင်ငံတကာမှာလည်း ဒီလိုရှိနေစဲ ဖြစ်နေစဲပါ။ ဒါပေမဲ့ ကျွန်တော်တို့နိုင်ငံမှာတော့ ပိုများမယ်ထင်ပါတယ်။ ဒါကိုဘာကြောင့်လဲလို့ ကျွန်တော်လေ့လာကြည့်ပြီး ထင်မြင်ချက်လေးတွေကို မျှဝေခြင်ပါတယ်။
လွတ်လပ်စွာ သဘောထားကွဲလွဲလို့ရပါတယ်။
ဘာကြောင့် Knowledge Age မှာ Information ရောင်းကောင်းနေသေးတာလဲ။
(၁) သိချင်စိတ် အားနည်းမှု။
လေ့လာချင်စိတ်အားနည်းခြင်း။ Curiosity ကတော်တော်အားနည်းနေတာကို တွေ့ရပါတယ်။ ကျွန်တော်ငယ်ငယ်တုန်းကဆိုရင် Howstuffworks ဆိုတဲ့ Website ကို နေ့စဉ်ဖတ်တယ်။ အဲ့ထဲမှာအကုန်ရှင်းပြထားတယ်။ University မှာ သင်ခဲ့ရတာထက် အဲ့ Website က ရခဲ့ရတာပိုများပါတယ်။ ဘာကြောင့် သိချင်စိတ်တွေအားနည်းတာလဲဆိုတော့ ပညာရေးစနစ် မကောင်းခဲ့လို့ပါ။ အလွတ်ကျက် အလွတ်ဖြေ၊ ဘာမှစဉ်းစားစရာမလို။ စာကိုသေအောင်ကျက်ရတော့ တခြားဗဟုသုတတွေကို လေ့လာဖို့ အချိန်မရှိ။ မိဘတွေကလည်း ကိုယ့်သားသမီး ကျောင်းပို့လိုက်ရင် နတ်ရေကန်ထဲထည့်လိုက်သလိုမြင်။ စာမှစာ။ အဲ့တော့ သိချင်စိတ်မရှိတော့ဘူး။ အခုခေတ်ကြီးမှာ Information တွေပုံနေတာတောင် စိတ်မဝင်စားတော့ဘူး။
မိဘတွေ၊ ဆရာ/ဆရာမတွေကို တိုက်တွန်းပါရစေ။ ကလေးတွေ ကျောင်းသား/သူတွေကို မေးခွန်းတွေများများမေးပါ။ အဖြေမပေးပါနဲ့ စဉ်းစားတတ်အောင်မေးခွန်းမေးပါ။ တနေ့တနေ့ အနည်းဆုံးကိုယ့်သားသမီးကို တန်ဖိုးရှိတဲ့ သူစိတ်ဝင်စားမည့် မေးခွန်း ၃ ခုလောက်မေးပါ။ “မသိတာက ပြသနာမဟုတ်ပါဘူး။ မသိချင်တာ စိတ်မဝင်စားတာက ပြသနာပါ။”
(၂) အင်္ဂလိပ်စာ အားနည်းမှု။
ဒုတိယ ပြသနာက Language. Information တွေအများကြီးရှိနေပေမယ့် Information တွေက အကုန်လိုလို English လိုတွေလေ။ အမြဲလေ့လာမှုတွေ Research တွေလုပ်ပြီး အသစ်တွေသိနေတာက English Speaking နိုင်ငံတွေ။ အဲ့တော့ English လိုမတတ်တော့ အသစ်ကို မလေ့လာနိုင်။
သိချင်စိတ်ရှိတယ် English လိုကျွမ်းကျင်တဲ့ လူငယ်တစ်ယောက်အတွက် အခုခေတ်ကြီးက အရမ်းပျော်စရာကောင်းတဲ့ ခေတ်ကြီးပါ။
အဲ့တော့ မိဘတွေကို အကြံပေးပါရစေ။ English စာကို ကျောင်းမှာ အမှတ်ရဖို့ ကျူရှင်မထားပါနဲ့။ တကယ်ကျွမ်းကျင်အောင်သင်ပေးပါ။ ဆရာ/ဆရာမတွေမှာလည်း တာဝန်ရှိပါတယ်။
(၃) မိမိကိုယ်မိမိ ထိန်းချုပ်နိုင်စွမ်း။
Self-Control နဲ့ Discipline က ဉာဏ်ရည်ထက်ပိုအရေးကြီးတယ်ဆိုတာ (သို့) ကျောင်းကအမှတ်တွေထက်ပို အရေးကြီးတယ်ဆိုတာ မသိသေးရင် လက်မခံနိုင်သေးရင် လူကြီးများ ကိုယ့်ကိုယ်ကိုယ် အရင်ပြင်ပါ။ အစစ အရာရာ ချက်ချင်းရနိုင်တဲ့ ခေတ်မှာ Self-Control နဲ့ Discipline က အရေးကြီးပါတယ်။ မကြာခင်အချိန်မှာ ကျောင်းသွားမှစာတတ်မှာမဟုတ်တော့ပါဘူး။ အိမ်ကနေပြီး နိုင်ငံတကာက စာကိုသင်လို့ရနေပါပြီ။ အဲ့တော့ Self-Control Discipline ရှိမှစာတတ်တော့မှာပါ။
လုပ်သင့်တာကို လုပ်သင့်တဲ့အချိန်မှာ ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ လုပ်နိုင်တဲ့ အရည်အချင်းက အလွတ်ကျက်လို့ ရတဲ့ အရည်အချင်းမဟုတ်ပါဘူး။
ဒီအရည်အချင်းမျိုးကို ကိုယ့်သားသမီးမှာ ရှိစေချင်ရင်တော့ စနစ်တကျလေ့ကျင့်ပေးမှရမှာပါ။
နောင်အချိန်မှာ အောင်မြင်ဖို့ဆိုရင် လိုအပ်တဲ့ အရည်အချင်းတွေအများကြီးပါ။ ဒါပေမဲ့ အပေါ်ကကျွန်တော်ပြောခဲ့တဲ့ အရည်အချင်း ၃ ခု ကတော့ အရေးအကြီးဆုံးလို့ ပြောလို့ရပါတယ်။ တခြားအရည်အခြင်းတွေကတော့ ဇွဲ၊ ရည်မှန်းချက်ရှိခြင်း၊ ကြိုးစားအားထုတ်ခြင်း။
အပေါ်က ၃ ခုအားနည်းတော့ Information ကို သိသူ၊ နားလည်သူနဲ့ ပြန်လည်မျှဝေနိုင်သူတွေက ပျော်တာပေါ့။ သူတို့ကပိုတော်နေလို့မဟုတ်ပါဘူး။ Information ရောင်းကောင်းနေစဲပေါ့။ မဖြစ်သင့်တော့ပါဘူး။
ဒါကြောင့်လဲ ဒီလိုအရည်အချင်းတွေ မြန်မာလူငယ် ကျောင်းသားတွေမှာ ရှိအောင် ကျွန်တော်တို့ကြိုးစားနေပါတယ်။