လောကကြီးကို အရောင်ဆိုးနေသူ။

သန်းကြွယ်သူဌေးကြီးတစ်ယောက်ဟာ မျက်စိနာဖြစ်နေတယ်။ ပိုက်ဆံတတ်နိုင်သူဖြစ်လို့ အကောင်းဆုံးမျက်စိအထူးကုဆရာဝန်ကြီးတွေနဲ့ပြပေမယ့်မပျောက်လို့စိတ်မချမ်းမသာဖြစ်နေတယ်။

တစ်နေ့တော့ သူ့တပည့်တွေက ဆေးကုတတ်တဲ့ရသေ့ကြီးတစ်ပါးကို သူဌေးကြီးဆီပင့်လာတယ်။ ရသေ့ကြီးဟာ မျက်စိနာတဲ့လူနာတွေကုရာမှာ ကုသမျှလူအတော်များများ ပျောက်တယ်လို့ နာမည်ကြီးနေတယ်။

ရသေ့ကြီးကသူဌေးကြီးရဲ့မျက်လုံးကိုစစ်ဆေးကြည့်ပြီးတော့ ထူးဆန်းတဲ့ ဆေးအညွှန်းတစ်မျိုးပေးခဲ့ပါတယ်။ သူဌေးကြီးဟာ တစ်ပတ်တိတိသူ့မျက်စိနဲ့ကြည့်မိသမျှ အရာမှန်သမျှဟာ အစိမ်းရောင်ပဲဖြစ်ရမယ်။ တခြားဘယ်အရောင်ကိုမှ မကြည့်မိစေရဘူးတဲ့။

သူဌေးကြီးရဲ့တပည့်တွေကလည်း ဆေးသုတ်တဲ့အဖွဲ့တစ်ဖွဲ့ကိုငှားလိုက်ပြီး တစ်အိမ်လုံးမှာရှိသမျှ ပရိဘောဂတွေ၊ သူဌေးကြီးရဲ့ အသုံးအဆောင်မှန်သမျှတွေကို အစိမ်းရောင်သုတ်ခိုင်းတယ်။ ဒါတင်မကဘဲ သူဌေးကြီးပြတင်းပေါက်ကကြည့်ရင် မြင်နိုင်တဲ့ သစ်ပင်တွေ ပန်းပင်အားလုံးကို အစိမ်းရောင်သုတ်လိုက်ကြတယ်။

တစ်ပတ်လောက်ကြာတော့ ရသေ့ကြီးက သူဌေးကြီးအိမ်ကို မျက်စိအခြေအနေစုံစမ်းဖို့ပြန်ရောက်လာတယ်။ အိမ်ထဲဝင်တဲ့အခါမှာ သူဌေးတပည့်တွေက ရသေ့ကြီး ကိုယ်ပေါ်ကို ဆေးအစိမ်းတွေလောင်းချလိုက်ပါတယ်။
ရသေ့ကြီးလည်း သူဌေးကြီးကိုရယ်မောပြီး ခုလိုပြောလိုက်ပါတယ်။ “ဒကာကြီးရယ် တစ်လောကလုံးကိုအစိမ်းရောင်ခြယ်မယ့်အစား မျက်မှန်စိမ်းတစ်လက် ဝယ်တပ်လိုက်ရင်ပြီးတာပါပဲကွယ်” တဲ့။

ကျွန်တော်တို့လည်း လောကကြီးမှာမြင်တွေ့နေသမျှကို ကိုယ်လိုချင်တဲ့အရောင် ဆိုးချင်ကြပါတယ်။ သားသမီး၊ ပတ်ဝန်းကျင် စတာတွေကိုလည်း ကိုယ်လိုချင်တဲ့ပုံသွင်းချင်ကြတယ်။ ပတ်ဝန်းကျင်ကိုမပြုပြင်ခင် ကိုယ့်ရဲ့ Circle of Control ထဲမှာရှိတဲ့ ကိုယ်နဲ့သက်ဆိုင်တဲ့အရာတွေကို အရင်ပြုပြင်မှသာ အရာအားလုံးငြိမ်းချမ်းသာယာပြီး ပျော်ရွှင်မှုကိုခံစားမိမှာပါ။

ဗန်းမော်သိန်းဖေ – မျှဝေလိုသောအတွေးမျာ

Unleashing Greatness In You

Leave a Comment

%d bloggers like this: