“ရည်မှန်းချက်တွေ အောင်မြင်အောင် လုပ်ဆောင်နိုင်ဖို့…”

Q. လူငယ်တွေအတွက် ဘဝရည်မှန်းချက်ရှိဖို့နဲ့ အဲဒီရည်မှန်းချက်ကို လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နိုင်ဖို့ ဘာတွေလိုအပ်မလဲဆရာမ။

A. ပထမဆုံးတော့ လူငယ်တစ်ယောက်က ကိုယ့်ကိုယ်ကိုယ်သိလာဖို့ လိုမှာပေါ့။ ကိုယ်ဘာဖြစ်ချင်တာလဲ၊ ဘာမဖြစ်ချင်ဘူးလဲဆိုတာ၊ ဘယ်သူ့လိုဖြစ်ချင်တာလဲ၊ ဘယ်သူ့လိုတော့ မဖြစ်ချင်ဘူးလဲဆိုတာမျိုးပေါ့။ စာဖတ်တဲ့လူငယ်တွေက ကိုယ်ကိုယ်ကိုယ် ပိုသဘောပေါက်လွယ်မယ်ထင်တယ်။ ဒီထက်ပိုပြီးရင့်ကျက်တဲ့သူဆိုရင် ကိုယ်က ဘယ်နေရာမှာ ပါရမီပါသလဲဆိုတာမျိုးထိ သိနိုင်တာပေါ့။ တော်တော်များများကတော့ အဲဒီလောက်မသိနိုင်ကြဘူး။ ရည်မှန်းချက်ကိုသိပြီ ဆိုပါတော့၊ ဒါကိုလက်တွေ့အကောင်အထည်ဖော်ဖို့ဆိုရင် ဇွဲရှိဖို့နဲ့ ကိုယ့်စိတ်ကိုထိန်းချုပ်နိုင်ဖို့ လိုလာမယ်။

“ကိုယ့်ကိုယ်ကိုယ်ထိန်းချုပ်နိုင်တဲ့အလေ့အထ လိုအပ်ပါတယ်။

ရည်မှန်းချက်ကြီးကြီးကို မဆိုထားနဲ့၊ ရေတိုရည်မှန်းချက်လေးပဲ ဖြစ်စေဦးတော့ ကိုယ့်စိတ်ကိုထိန်းချုပ်ဖို့ သိပ်အရေးကြီးတယ်။ ဥပမာ ဒီည ဒီအိမ်စာကို ပြီးဖို့လိုတယ်လို့ ဆုံးဖြတ်ထားရင် အဲဒီအတိုင်းဖြစ်အောင်လုပ်ဖို့က ကိုယ့်ကိုယ်ကိုယ်ထိန်းချုပ်မှရတယ်။ သူငယ်ချင်းတွေက အပြင်ထွက်လည်ဖို့ ချိန်းလာလိမ့်မယ်။ ကိုယ့်မျက်စိရှေ့မှာရှိနေတဲ့တယ်လီဖုန်းကို ကောက်ယူပြီး ဂိမ်းဆော့ချင်နေတာမျိုး၊ ရုပ်ရှင်ကြည့်လိုက်ချင်တာမျိုး၊ ဒါတွေက အာရုံကိုလွင့်စေမှာပဲ။ ရည်မှန်းချက်ကို ယိမ်းယိုင်စေမှာပဲ။ အလုပ်ကို နောက်ရွှေ့ချင်မှာပဲ။ ဒီတော့ အကျိုးနဲ့အပြစ် ကောင်းကွက်နဲ့ဆိုးကွက်ကို ယှဉ်ထိုးပြီး ဆုံးဖြတ်ရမှာ။ ကိုယ့်အတွက် ဘယ်ဟာက အရေးကြီးတာလဲ။ ဘယ်ဟာကတော့ ပြန်လုပ်ဖို့အခွင့်အရေးရှိပြီး ဘယ်အရာကိုတော့ ပြန်လုပ်ဖို့ အခွင့်အရေးနည်းသလဲပေါ့။ အလုပ်က အရေးကြီးပြီး သူငယ်ချင်းက အရေးမကြီးဘူးလို့လည်း ဆုံးဖြတ်လို့မရဘူး။ အားသာချက်၊ အားနည်းချက်ကို ချိန်ဆပြီး ကြည့်တတ်ရမှာလေ။ ယေဘုယျပြောရင်တော့ Emotional Quotience (EQ) အရေးကြီးပါတယ်။

“ရည်မှန်းချက်တွေ အောင်မြင်အောင် လုပ်ဆောင်နိုင်ဖို့ ကိုယ့်ကိုယ်ကိုယ်ထိန်းချုပ်နိုင်တဲ့အလေ့အထ လိုအပ်တယ်ဆိုတဲ့ ဆရာမဂျူး” အင်တာဗျူးဆောင်းပါးမှ ကောက်နုတ်ဖော်ပြပါသည်။

#ဂျူး#Eternal Light Magazine
#January 2020

Unleashing Greatness In You

Leave a Comment

%d bloggers like this: